.... NavBar ဖွင့်/ပိတ်
လောကနတ် ဓမ္မဆိုဒ်လေးကိုလာရောက်ကြသူအပေါင်းကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေ။
....

Thursday, November 18, 2010

သာဝက

ဘုရားရှင်အထံ၌ဖြစ်စေ, သာဝကတပါးပါး၏ အထံ၌ဖြစ်စေ သစ္စာလေးပါး ကမ္မဋ္ဌာန်းတရားကို ကြားနာရပြီးမှ ရရှိအပ်သော အရဟတ္တမဂ်ဉာဏ်သည် သာဝကဗောဓိဆု-ဖြစ်၏။
ထိုသာဝကဗောဓိဆု ပြည့်စုံကြပြီးသော သာဝကများသည် -
၁။ အဂ္ဂသာဝက=တပည့်အများတွင် အမြတ်ဆုံးဖြစ်သော သာဝက။
ယခု ဂေါတမဘုရားရှင် လက်ထက်တော်၌ အရှင်သာရိပုတ္တရာ, အရှင်မောဂ္ဂလာန်။
၂။ မဟာသာဝက=တပည့် သာဝကကြီး။
ယခု ဂေါတမဘုရားရှင် လက်ထက်တော်၌ အရှင်မဟာကဿပ စသော ရှစ်ကျိပ်သော သာဝကကြီးများ။
၃။ ပကတိသာဝက=ရိုးရိုးတပည့် သာဝက။
ယခု ဂေါတမဘုရားရှင် လက်ထက်တော်၌ အရှင်စက္ခုပါလ စသော ရိုးရိုး သာဝကများ။

အဂ္ဂသာဝက အရှင်မြတ်တို့သည် တစ်သင်္ချေနှင့် ကမ္ဘာတသိန်းပတ်လုံး ပါရမီ ဖြည့်ကြရသည်။



မဟာသာဝက အရှင်မြတ်တို့သည်၎င်း, ဘုရားရှင်၏ မယ်တော် ခမည်းတော်တို့သည်၎င်း,
အလုပ်အကျွေး ရဟန်းတော်သည်၎င်း, သားတော်သည်၎င်း, ကမ္ဘာတသိန်းပတ်လုံး
ပါရမီဖြည့်ကြရသည်။
ထို့အောက် ယုတ်လျော့လျှင် (မိမိတို့နှင့် သက်ဆိုင်သော အဆင့်အတန်းများကို) မရနိုင်ကြကုန်။

ထိုအဂ္ဂသာဝက, မဟာသာဝက, ဘုရားရှင်၏ မယ်တော်+ခမည်းတော်, အလုပ်အကျွေး, သားတော် ဖြစ်ကြဖို့
ဆုတောင်းပြည့်ရန် အင်္ဂါ ၂-ပါးနှင့် ပြည့်စုံကြရသည်။
၁။ အဓိကာရ=လွန်လွန်ကဲကဲ ပြုအပ်သော ကောင်းမှုရှိခြင်း။
၂။ ဆန္ဒတာ=မိမိတို့ သက်ဆိုင်ရာဆု ရကြဖို့ရန် ထက်သန်သော ဆန္ဒရှိကြခြင်း။
(အပဒါန-ဋ္ဌ၊ ၁၊ ၁၅၈)

ပကတိသာဝကတို့ကား ပါရမီဖြည့်ရာ၌ ကာလအပိုင်းအခြား မရှိချေ။
ဝဋ်မှကျွတ်လွတ်ရာ မဂ်ဖိုလ်ကို တောင့်တ၍ အမှတ်မထား တပါးပါးသော ဘ၀ကာလမှစ၍ ကမ္ဘာ အရာအထောင် ဖြည့်ဆည်းကြရသည်။
အတ္ထသန္ဒဿက, သပရိဝါရိယ စသော ထေရ်တို့သည် ကမ္ဘာတသိန်းထက်၌ ပွင့်တော်မူသည့် ပဒုမုတ္တရဘုရား
လက်ထက်မှစ၍၄င်း၊
အနုလေပဒါယကထေရ်သည် တသင်္ချေနှင့် ကမ္ဘာတသိန်းထက်၌ ပွင့်တော်မူကြသည့် အနောမဒဿီ ဘုရားလက်ထက်မှစ၍၄င်း။
ဧကပဒါနိယထေရ်သည် တရာ့တဆဲ့ရှစ်ကမ္ဘာထက်၌ ပွင့်တော်မူသည့် အတ္ထဒဿီ ဘုရားလက်ထက်မှစ၍၄င်း။
သူစိဒါယကထေရ်သည် ကမ္ဘာ သုံးသောင်းထက်၌ ပွင့်တော်မူသည့် သုမေဓာဘုရားလက်ထက်မှစ၍၄င်း။
ပါရမီဖြည့်ခဲ့ကြကြောင်း ဆိုင်ရာ ထေရာပဒါန်၌ ပါရှိလေသည်။
( အတ္ထသန္ဒဿကတ္ထေရအပဒါန၊ အပ-၁၊ ၁၈၄-၅)
(သပရိဝါရိယတ္ထေရအပဒါန၊ အပ-၁၊ ၁၈၉-၉၀)
(အနုလေပဒါယကတ္ထေရအပဒါန၊ အပ-၁၊ ၁၉၀)
(ဧကပသာဒနိယတ္ထေရအပဒါန၊ အပ-၁၊ ၁၈၅-၆)
(သူစိဒါယကတ္ထေရအပဒါန၊ အပ-၁၊ ၁၃၅)

No comments:

Post a Comment