
လောကဓံတရား ၈-ပါးထဲက “ယသောအယသော” ဆိုတဲ့ လောကဓံကို ပြောမှာပါ။ လောကဓံ ဆိုတာ အကောင်းလည်း လောကဓံပဲ၊ အဆိုးလည်း လောကဓံပဲ။ များသောအားဖြင့် အဆိုးကိုပဲ လောကဓံလို့ ပြောကြတာများတယ်။ အကောင်းနဲ့ ကြုံနေရတဲ့အခါကြတော့ ငါမှာ လောကဓံနဲ့ တွေ့ကြုံနေရပါတယ်လို့ မပြောကြပါဘူး။ အကောင်းကို လောကဓံလို့ မထင်ဘူး။ သို့သော် ဘဝမှာ တွေ့နေ၊ ကြုံနေရတာတွေက အဆိုးတွေများပါတယ်။ အဲဒါကို သတိနဲ့ ဉာဏ်နဲ့ ကြည့်ပြီးတော့၊ သိပြီးတော့ နေတတ်မယ်ဆိုရင် အဲဒီအဆိုးတွေရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ခံရတာ သက်သာမယ်။ အခြွေအရံများခြင်း၊ အခြွေအရံအခြွေအရံနည်းခြင်း ဆိုတဲ့ အကြောင်းကို အရင်ကလည်း ပြောဘူးပါတယ်။ နောင်တခေတ်မှာ လူတွေ့ကြုံရမဲ့ ဒုက္ခတွေထဲမှာ အခုလည်းတွေ့ကြုံနေရပါပြီ အကြီးဆုံးဒုက္ခက ဘာဖြစ်မလဲဆိုတော့ အပေါင်းအဖေါ်မရှိခြင်းပဲ။ လူတွေကလောကကြီးမှာ ကြာလေများလေ ဖြစ်လာနေတာ။ လူဦးရေ များသလောက် လူတွေဟာ အဖေါ်မဲ့အထီးကျန် ပိုဖြစ်လာတယ်။ အပျော်အပါးတွေလည်း အခုခေတ်မှာ ပိုများလာတယ်။ အပျော်အပါး များသလောက် အဖေါ်လည်းပိုပြီးမဲ့ လာတယ်။ ဟန်လုပ်ပြီး ဆက်ဆံနေမှ ဖြစ်တဲ့လူဟာ ကိုယ့်အဖော် မဖြစ်နိုင်ဘူး။ ချစ်တဲ့ ကိုယ်ချင်းစာတတ်တဲ့ လူဟာ အဖေါ်မဲ့ အထီးကျန် ခံစားမှုဖြစ်တာ နဲတယ်။ သူတပါးကို ရင်းရင်းနှီးနှီ ပွင့်ပွင့်လင်းလင်း မပြောဆိုတတ်ဘူး မဆက်ဆံတတ်ဘူး မယုံကြည်ဘူး စိတ်မချဘူး ဆိုရင် ကိုယ်မှာအဖေါ်မရှိတော့ဘူး။ လူတွေကို မယုံကြည်တဲ့သူ၊ လူတွေကို ညည်းမခံနိုင်တဲ့သူဟာလည်း အဖေါ်မဲ့တတ်တယ်။ သူများအကြောင်း မကောင်းပြောတတ်တဲ့သူကလည်း အဖေါ်မဲ့တတ်တယ်။ ဒေါသကြီးတတ်သူကလည်း အဖေါ်မဲ့တတ်တယ်။ ဂုဏ်တုဂုဏ်စိတ်ကြောင့်၊ မနာလိုတဲ့စိတ်ကြောင့် အဖေါ်မဲ့တတ်တယ်။ ကိုယ့်ကိုကိုယ် အထင်သေးတဲ့လူကလည်း အဖေါ်မဲ့တတ်တယ်။ မာနသိပ်ကြီးသွားရင် အဖေါ်မဲ့တတ်တယ်။ ငါက အောက်ကျနောက်ကျ ဖြစ်နေတယ်ဆိုတဲ့ ခံစားချက်ကြောင့် အဖေါ်မဲ့သလို ခံစားရသလို၊ ငါကအထက်တန်းစား ပါဆိုတဲ့ စိတ်ဝင်နေရင်လည်း အဖေါ်မဲ့ဦးမှာပဲ။ လူမသိအောင် ဖုံးရတာများရင်လည်း အဖေါ်မဲ့အထီးကျန် ဖြစ်တတ်တယ်။ ကိုယ်က ပစ်ပယ်တာ ခံရမှာ အကြောက်လွန်ပြီးတော့ လူတွေကို ရင်းရင်းနှီးနှီး မပေါင်းပဲ ရှောင်လွန်းရင်လည်း အဖေါ်မဲ့တတ်တယ်။ ကိုယ်က သူများဆီက မေတ္တာ၊ ကရုဏာနဲ့ ကြင်နာမှု၊ ဂရုစိုက်မှုကို လိုချင်နေရင် ကိုယ်က အရင်ဦးအောင် ပေးရတယ်။ နေ့စဉ်နေ့တိုင်း ကိုယ်စိတ်ကို ကိုယ်သိပြီးတော့ နေသွားမယ်ဆိုရင် အလိုအလျှောက် ကောင်းတဲ့ဘက်က တိုးတတ်လာတယ်။ ဆိုးတဲ့ဘက်က လျော့သွားတယ်။… ဆရာတော် ဦးဇောတိက
No comments:
Post a Comment