.... NavBar ဖွင့်/ပိတ်
လောကနတ် ဓမ္မဆိုဒ်လေးကိုလာရောက်ကြသူအပေါင်းကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေ။
....

Saturday, October 26, 2013

“ရှိခိုးဦးချပုံ ဦးချနည်း”



ဘုရားနှင့် သံဃာတော်တို့ထံ ဆည်းကပ်ရှိခိုးသောအခါ ရိုသေစွာ လက်အုပ်ချီပြီးနောက်
“နီး၊ ဝေး၊ ရှေ့၊ နောက်၊ မြင့်မောက်၊ လေညာ” ဟူသော အပြစ်ခြောက်မျိုးလွတ်သော နေရာ၌ နေ၍ ရှိခိုးပြီး
လျှောက်ထားဖွယ် စကားတို့ကို လျှောက်ထားရမည်။

လျှောက်ထား နာယူပြီးလျှင် ရှိခိုးဦးချ၍ ပြန်ရမည်။
ပြန်သောအခါ ဘုရားရှင်နှင့် သံဃာတော်တို့ကို
ကျောပေး၍မပြန်ဘဲ လက်အုပ်ချီကာ လေးငါးလှမ်းခန့် နောက်ဆုတ်ပြန်ရမည်။

“ရှိခိုးခြင်း သုံးမျိုး”
--------*------------
(၁) ထိခြင်းငါးပါးနှင့်အညီ ကိုယ်ဖြင့်ရှိခိုးခြင်း (ကာယ၀န္ဒနာ)၊

(၂) နူတ်ဖြင့် ရွတ်ဆို ရှိခိုးခြင်း (၀စီဝန္ဒနာ)၊

(၃) စိတ်ဖြင့် ရည်မှတ် ရှိခိုးခြင်း (မနောဝန္ဒနာ)။

Sunday, September 29, 2013

"အနုမာနသုတ်မှ - "

မိမိကိုယ်ကို ဤသို့ နှိုင်းယှဉ်ရမည်…

♦ ''အလိုဆိုး ရှိသော အလိုဆိုးတို့၏ အလိုသို့ လိုက်သော ပုဂ္ဂိုလ်ကို ငါ မချစ် မနှစ်သက်၊ ငါလည်း အလိုဆိုး ရှိငြားအံ့၊ အလိုဆိုးတို့၏ အလိုသို့ လိုက်ငြားအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ ချစ်နှစ်သက်မည်မဟုတ်'' ဟု နှိုင်းယှဉ် ရမည်။ ငါ့သျှင်တို့ ဤသို့ သိသော ရဟန်းသည် ''ငါသည် အလိုဆိုး ရှိသူ မဖြစ်အံ့၊ အလိုဆိုးတို့၏ အလိုသို့ လိုက်သူ မဖြစ်အံ့'' ဟု စိတ်ကို ဖြစ်စေရမည်။

♦ ''မိမိကိုယ်ကို မြှင့်တင် တတ်သော သူတစ်ပါးကို ရှုတ်ချ တတ်သော ပုဂ္ဂိုလ်ကို ငါ မချစ် မနှစ်သက်၊ ငါလည်း မိမိကိုယ်ကို မြှင့်တင်ငြားအံ့၊ သူတစ်ပါးကို ရှုတ်ချ ငြားအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ ချစ်နှစ်သက်မည် မဟုတ်'' ဟု နှိုင်းယှဉ် ရမည်။ ငါ့သျှင်တို့ ဤသို့ သိသော ရဟန်းသည် ''ငါသည် မိမိကိုယ်ကို မြှင့်တင် တတ်သူ မဖြစ်အံ့၊ သူတစ်ပါးကို ရှုတ်ချ တတ်သူ မဖြစ်အံ့'' ဟု စိတ်ကို ဖြစ်စေရမည်။

ဗုဒ္ဓအလိုကျ နေထိုင်ခြင်း


“ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ။
တရားကို မြင်သောသူသည်၊ ဘုရားကို မြင်၏။”

ဤစကားသည် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်မှ ဝက္ကလိမထေရ်အား မိန့်တော်မူသော စကားတော် ဖြစ်၏။ ဝက္ကလိမထေရ်သည် ဘုရားရှင်အပေါ် ချစ်ကြည်ညိုသည့် ပုဂ္ဂိုလ်ရေး သံယောဇဉ်ဖြင့် သာသနာ့ဘောင်သို့ ဝင်ရောက်လာသူဖြစ်ပြီး ရဟန်းဖြစ်ပြီးနောက်တွင်လည်း ရဟန်းတရားကို အားမထုတ်ဘဲ ဘုရားရှင်အားသာ အနီးကပ်ကြည်ရှု ဖူးမြော်နေသူဖြစ်၏။ အချိန်တန်သည့်အခါ မြတ်စွာဘုရားရှင်က ဝက္ကလိမထေရ်ကို မိမိအနားမှ နှင်ထုတ်လိုက်၏။ ဘုရားရှင်က မိမိအား လက်မခံသဖြင့် ဝက္ကလိမထေရ် စိတ်ဓာတ်ကျကာ မိမိကိုယ်ကို သတ်သေရန် တောင်ပေါ်သို့ တက်သွားပြီး ခုန်ချမည် အပြုတွင် မြတ်ဗုဒ္ဓမှ တန်ခိုးတော်ဖြင့် တရားဟောကာ တရားရအောင် ပြုလုပ်ပေးခဲ့၏။ “ချစ်သား ဝက္ကလိ အပုတ်ကောင်ဖြစ်သော ငါဘုရား၏ ခန္ဓာကိုယ်အပေါ် တွယ်တာနေခြင်းဖြင့် သင့်အားအကျိုးတစ်စုံတရာမရှိ၊ စင်စစ်အားဖြင့် ငါဘုရားကို မြင်လိုပါက ငါဘုရားဟောသည့် တရားတော်ကို မြင်အောင်ကြည့်ပြီး ငါဘုရားတရားတော်အတိုင်း ကျင့်သုံးမှသာ ငါဘုရားကို မြင်နိုင်ပေ၏။“ စသည်ဖြင့် မိန့်တော်မူခဲခြင်း ဖြစ်၏။

မှန်၏။ တရားကိုမြင်မှ ဘုရားကို မြင်၏ဟူသော မြတ်စွာဘုရား၏ စကားတော်သည် ဗုဒ္ဓဘာသာဝင်များအဖို့ အထူးသတိပြုရမည့် အချက်ပင်ဖြစ်၏။ ဘုရားရှင်ကို ကိုးကွယ်ရာအဖြစ် ဆည်းကပ်ပါ၏ဟု သရဏဂုံကိုယ် ခံယူးထားသည့် ဗုဒ္ဓဘာသာ တစ်ယောက်သည် စကားအနေဖြင့်သာ ဆည်းကပ်မှုမျိုး မဟုတ်ဘဲ လက်တွေ့မှာလည်း ဘုရားရှင်မြတ် ဟောတော်မူအပ်သည့် အဆုံးအမတိုင်း လိုက်နာကျင့်သုံးနိုင်မှသာ စစ်မှန်သည့် ဗုဒ္ဓဘာသာအဖြစ် မှတ်ကျောက်တင်နိုင်မည် ဖြစ်၏။ ဗုဒ္ဓဘုရား ဟောညွန်ထားသည့်အတိုင်း နေထိုင်နိုင်မှသာ ဗုဒ္ဓအလိုကျ နေထိုင်မှုမျိုး ဖြစ်နိုင်ပေ၏။

ဗုဒ္ဓဘုရား ဟောတော်မူသည့် အတိုင်းဟု ဆိုရာတွင်လည်း ဘုရားရှင်တိုင်း ညွန်ကြားတော်မူသည့် စကားတော်မှာ သုံးခွန်းသာ ရှိ၏။ (၁) အလုံးစုံသော အကုသိုလ်ကို မပြုရန် (သဗ္ဗ ပါပဿ အကရဏံ)၊ (၂) ကောင်းမှုမှန်သမျှ စွမ်းနိုင်သမျှ ဖြည့်ဆည်းကြရန် (ကုသလဿ ဥပသမ္ပဒံ)နှင့် (၃) မိမိစိတ်ကို ဖြူစင်စွာထားရန် (သစိတ္တ ပရိယောဒါပနံ)ဟူသည့် အချက်သုံးချက်သည် ဘုရားရှင်အားလုံး မိန့်မှာသုံးသည့် အဓိက အချက်များပင် ဖြစ်၏။ အခြေအနေ အချိန်အခါအရ ဟောတော်မူထားသည့် ဓမ္မက္ခန္ဓာ တရားတော်များ မြောက်များစွာရှိသော်လည်း ထိုတရားတော်များ ဟောညွန်ကြားရခြင်း၏ ဦးတည်ချက်မှာ မကောင်းမှု မလုပ်ရန်၊ ကောင်းမှုလုပ်ရန်နှင့် စိတ်ဖြူစေရန်တို့ပင် ဖြစ်၏။

“ ဘေးခတဲ့မျက်ရည်နဲ့ အေးမြတဲ့မဂ်ဆီ သွားရအောင် ”


တစ်ခါတုန်းက မိလိန္ဒမင်းကြီးက အရှင်နာဂသိန် မထေရ်မြတ်ကို မျက်ရည်နဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခု မေးခဲ့ဖူးပါတယ် ။

' အရှင်ဘုရား ... အမေသေလို့ ကျရတဲ့ မျက်ရည်နဲ့ တရားချစ်လို့
ကျရတဲ့ မျက်ရည် ၊ ဘယ်မျက်ရည်က ဆေးဖက်ဝင်ပါသလဲ ?
ဘယ်မျက်ရည်က ဆေးဖက်မ၀င်ပါသလဲ ?

' ဒကာတော်မြတ် ... ရာဂ၊ဒေါသ၊မောဟ စတဲ့ ကိလေသာ အညစ်အကြေးတွေနဲ့ ညစ်နွမ်းပူလောင်နေတဲ့ မျက်ရည်ဟာ
ဆေးဖက် မ၀င်တဲ့ မျက်ရည် ဖြစ်ပါတယ် .။

တရားဓမ္မနဲ့ ယှဉ်တဲ့ နှစ်သက်ဝမ်းမြောက်မှု ပီတိသော
မနဿတွေနဲ့ သန့်စင်အေးမြနေတဲ့ မျက်ရည်ကတော့
ဆေးဖက်ဝင်တဲ့ မျက်ရည်ဖြစ်ပါတယ်။ '

ပါဋ္ဌိလို 'ဘေသဇ္ဇအဿု' ဆိုတာ မြန်မာလိုတော့ ဆေးဖြစ်တဲ့
မျက်ရည် ၊ ဆေးဖက်ဝင်တဲ့မျက်ရည် ၊ ဆေးပေါင်းခတဲ့
မျက်ရည်ပေါ့။

ပါဋ္ဌိလို 'အဘေသဇ္ဇအဿု' ဆိုတာကတော့ မြန်မာလို ဆေး
မဖြစ်တဲ့မျက်ရည် ၊ ဆေးဖက်မ၀င်တဲ့မျက်ရည် ၊ ဆေးပေါင်းခ
တဲ့မျက်ရည်၊ တနည်းအားဖြင့် -ဘေးဖြစ်တဲ့မျက်ရည်၊ဘေးဖက်ဝင်တဲ့မျက်ရည်၊ဘေးပေါင်းခတဲ့မျက်ရည်ပေါ့.....။

ကိလေသာအခြေခံတဲ့ မျက်ရည်မှန်သမျှ ၀မ်းနည်းလို့ပဲ ကျကျ ၊
ဝမ်းသာလို့ပဲ ကျကျ ၊ဘေးပေါင်းခတဲ့ မျက်ရည်ပါပဲ .....။
စိတ်ညစ်စရာ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရလို့ ၀မ်းနည်း
ပြီးကျတဲ့ မျက်ရည်မှ ဘေးပေါင်းခတာ မဟုတ်ပါဘူး ...။

စိတ်ချမ်းသာစရာ၊စိတ်ပျော်ရွှင်စရာ အဖြစ်အပျက်တွေနဲ့
ကြုံတွေ့ရလို့ ၀မ်းသာပြီးကျတဲ့ မျက်ရည်ဟာလည်း
ဘေးပေါင်းခပါတယ်...။ကိလေသာအခြေခံတဲ့ မျက်ရည်
ဆိုတဲ့နေရာမှာ ဖိုမရေးရာ တပ်မက်မှုကိုသာ ကိလေသာလို့ ခေါ်တာမဟုတ်ပါဘူး ...။

မိဘနဲ့သားသမီး၊ဆရာနဲ့တပည့်၊ညီအကိုမောင်နှမအချင်းချင်း၊မိတ်ဆွေအပေါင်းအသင်းအချင်းချင်း၊လုပ်ဖော်ကိုင်ဖက်
အချင်းချင်း၊ဆရာဒကာအချင်းချင်း၊သံယောဇဉ်အနှောင်အဖွဲ့နဲ့ ရစ်ပတ်တွယ်တာနေမှုမှန်သမျှ ကိလေသာတွေချည်းပါပဲ ...။

သက်မဲ့အရာဝတ္တုတွေအပေါ် တမြတ်တနိုးနဲ့ နှစ်ခြိုက်စွဲလမ်း သံယောဇဉ်တွယ်နေတာတွေ အားလုံးလည်း ကိလေသာတွေပါပဲ ...။

ဘယ်လို သံယောဇဉ်မျိုးကြောင့်ပဲ မျက်ရည်ကျကျ ၀မ်းနည်းတဲ့
ကိလေသာ၊၀မ်းသာတဲ့ကိလေသာ၊ကိလေသာကို အခြေခံတာ
ဖြစ်တဲ့ အတွက် ဘေးပေါင်းခတဲ့မျက်ရည်တွေချည်းပါပဲ ...။

တခြား ပြင်ပဘေးတွေ ဘာမှမတွေ့ရသေးဘူးပဲ ထားပါဦး စိတ်ပူလောင်တဲ့ဘေး၊စိတ်ရှုတ်ထွေးတဲ့ဘေး၊စိတ်မတည်မငြိမ်
ယောက်ယက် ခတ်တဲ့ဘေး၊စိတ်လှုပ်ရှားတဲ့ဘေး ကတော့ အတွင်းဘေးအဖြစ်နဲ့ သေချာပေါက် ရင်ဆိုင်ကြုံတွေ့ရမှာပါ ...။

ဝမ်းသာလို့ ကျတဲ့မျက်ရည်ဟာ လောဘအပူနဲ့ စိတ်ယောက်
ယတ်ခတ်ပြီး ဘေးခနေပါတယ် ..........

ဝမ်းနည်းလို့ ကျတဲ့မျက်ရည်ဟာ ဒေါသအပူနဲ့ စိတ်တင်းကျပ်ပြီး ဘေးခနေပါတယ် ..........

“ ဥပါသကာ၏ ဂုဏ်ရည် ၁၀ ပါး ”

[www.facebook.com/youngbuddhistassociation.mm]
ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်သော
ပုဂ္ဂိုလ်တစ်ယောက်သည် ဖေါ်ပြပါလတ္တံသော
ဂုဏ်အင်္ဂါများနှင့်ပြည့်စုံပါက အဆင့်မြင့်ဥပါသကာ၊
ဂုဏ်သရေရှိဥပါသကာ စစ်စစ်ဖြစ်ပါသည်။

(၁) ဘုရားရှင်၏တပည့်သားသံဃာများနှင့် အေးအတူ
ပူအမျှ ဆင်းရဲချမ်းသာကို ဝေမျှခံစားခြင်း။

(၂) ဗုဒ္ဓ၏ တရားတော်ကိုသာ အလေးဂရုပြုခြင်း
(အခြား သာသနာပ အယူဝါဒများကို လုံးဝ ဂရုမပြုခြင်း)၊

(၃) မိမိရှိသမျှ ပစ္စည်းဥစ္စာကို မျှတစွာ ခွဲခြမ်းသုံးစွဲ
လှူဒါန်းတတ်ခြင်း၊

(၄) ဘုရားသာသနာပျက်စီးမည့်အရေးတွေ့မြင်ပါက သာသနာတော်ကြီးပွားရာ ကြီးပွားကြောင်းကိုသာ မနေမနား ကြိုးစားအားထုတ်ခြင်း။

(၅) အယူဖြောင့်မှန်ပြီး လူပြိန်းတို့လက်ခံသည့်
အထူးအဆန်းမင်္ဂလာကို ယုံကြည်မှူမရှိသည့်အပြင် မိမိအသက်ကိုပဓာနမထားပဲ မိမိကိုးကွယ်ရာ ဆရာ
(ဘုရား) မှတခြားအယူပျက်သော တတ္တိဆရာများကို
မိမိ၏ဆရာအဖြစ် မည်သည့်အခါမျှ မရည်ညွှန်းခြင်း၊

(၆) ကာယကံ၊၀စီကံ ကိုစောင့်ထိန်းခြင်း၊

(၇) အတူနေပုဂ္ဂိုလ်များနှင့်သင့်တင့်ညီညွတ်စွာ
နေထိုင်တတ်၍ အချင်းချင်းအပေါ် ငြူစူမူကင်းပြီး သာသနာတော်ကိုခုတုံးလုပ်၍ ဟန်ဆောင်
ပလွှားဝါကြွားမူမပြုခြင်း၊

(၈) ဘုရား ရတနာကို ကိုးကွယ်ဆည်းကပ်ခြင်း၊

(၉) တရားရတနာကို ကိုးကွယ်ဆည်းကပ်ခြင်း၊

(၁၀) သံဃာရတနာကို ကိုးကွယ်ဆည်းကပ်ခြင်းတို.ဖြစ်ပါသည်။
(မိလိန္ဒပဥှာ၊၁၀၂)

အကယ်၍ ဖော်ပြပါ ဥပါသကာဂုဏ် ၁၀ ပါးကို ပြောင်းပြန်
ကျင့်သုံးသူဖြစ်ပါက ဂုဏ်သိက္ခာမရှိသောဥပါသကာ၊
သို့မဟုတ် ဥပါသကာမဟုတ်သူအဖြစ်ရောက်ရှိပါသည်။

(သာသနာရေးဝန်ကြီးဌာနထုတ်
"ဗုဒ္ဓဘာသာကောင်းတစ်ယောက်" နှာ-၄၃မှ _)

Wednesday, February 20, 2013

“ယသော အယသော”


လောကဓံတရား ၈-ပါးထဲက “ယသောအယသော” ဆိုတဲ့ လောကဓံကို ပြောမှာပါ။ လောကဓံ ဆိုတာ အကောင်းလည်း လောကဓံပဲ၊ အဆိုးလည်း လောကဓံပဲ။ များသောအားဖြင့် အဆိုးကိုပဲ လောကဓံလို့ ပြောကြတာများတယ်။ အကောင်းနဲ့ ကြုံနေရတဲ့အခါကြတော့ ငါမှာ လောကဓံနဲ့ တွေ့ကြုံနေရပါတယ်လို့ မပြောကြပါဘူး။ အကောင်းကို လောကဓံလို့ မထင်ဘူး။ သို့သော် ဘဝမှာ တွေ့နေ၊ ကြုံနေရတာတွေက အဆိုးတွေများပါတယ်။ အဲဒါကို သတိနဲ့ ဉာဏ်နဲ့ ကြည့်ပြီးတော့၊ သိပြီးတော့ နေတတ်မယ်ဆိုရင် အဲဒီအဆိုးတွေရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ခံရတာ သက်သာမယ်။ အခြွေအရံများခြင်း၊ အခြွေအရံအခြွေအရံနည်းခြင်း ဆိုတဲ့ အကြောင်းကို အရင်ကလည်း ပြောဘူးပါတယ်။ နောင်တခေတ်မှာ လူတွေ့ကြုံရမဲ့ ဒုက္ခတွေထဲမှာ အခုလည်းတွေ့ကြုံနေရပါပြီ အကြီးဆုံးဒုက္ခက ဘာဖြစ်မလဲဆိုတော့ အပေါင်းအဖေါ်မရှိခြင်းပဲ။ လူတွေကလောကကြီးမှာ ကြာလေများလေ ဖြစ်လာနေတာ။ လူဦးရေ များသလောက် လူတွေဟာ အဖေါ်မဲ့အထီးကျန် ပိုဖြစ်လာတယ်။ အပျော်အပါးတွေလည်း အခုခေတ်မှာ ပိုများလာတယ်။ အပျော်အပါး များသလောက် အဖေါ်လည်းပိုပြီးမဲ့ လာတယ်။ ဟန်လုပ်ပြီး ဆက်ဆံနေမှ ဖြစ်တဲ့လူဟာ ကိုယ့်အဖော် မဖြစ်နိုင်ဘူး။ ချစ်တဲ့ ကိုယ်ချင်းစာတတ်တဲ့ လူဟာ အဖေါ်မဲ့ အထီးကျန် ခံစားမှုဖြစ်တာ နဲတယ်။ သူတပါးကို ရင်းရင်းနှီးနှီ ပွင့်ပွင့်လင်းလင်း မပြောဆိုတတ်ဘူး မဆက်ဆံတတ်ဘူး မယုံကြည်ဘူး စိတ်မချဘူး ဆိုရင် ကိုယ်မှာအဖေါ်မရှိတော့ဘူး။ လူတွေကို မယုံကြည်တဲ့သူ၊ လူတွေကို ညည်းမခံနိုင်တဲ့သူဟာလည်း အဖေါ်မဲ့တတ်တယ်။ သူများအကြောင်း မကောင်းပြောတတ်တဲ့သူကလည်း အဖေါ်မဲ့တတ်တယ်။ ဒေါသကြီးတတ်သူကလည်း အဖေါ်မဲ့တတ်တယ်။ ဂုဏ်တုဂုဏ်စိတ်ကြောင့်၊ မနာလိုတဲ့စိတ်ကြောင့် အဖေါ်မဲ့တတ်တယ်။ ကိုယ့်ကိုကိုယ် အထင်သေးတဲ့လူကလည်း အဖေါ်မဲ့တတ်တယ်။ မာနသိပ်ကြီးသွားရင် အဖေါ်မဲ့တတ်တယ်။ ငါက အောက်ကျနောက်ကျ ဖြစ်နေတယ်ဆိုတဲ့ ခံစားချက်ကြောင့် အဖေါ်မဲ့သလို ခံစားရသလို၊ ငါကအထက်တန်းစား ပါဆိုတဲ့ စိတ်ဝင်နေရင်လည်း အဖေါ်မဲ့ဦးမှာပဲ။ လူမသိအောင် ဖုံးရတာများရင်လည်း အဖေါ်မဲ့အထီးကျန် ဖြစ်တတ်တယ်။ ကိုယ်က ပစ်ပယ်တာ ခံရမှာ အကြောက်လွန်ပြီးတော့ လူတွေကို ရင်းရင်းနှီးနှီး မပေါင်းပဲ ရှောင်လွန်းရင်လည်း အဖေါ်မဲ့တတ်တယ်။ ကိုယ်က သူများဆီက မေတ္တာ၊ ကရုဏာနဲ့ ကြင်နာမှု၊ ဂရုစိုက်မှုကို လိုချင်နေရင် ကိုယ်က အရင်ဦးအောင် ပေးရတယ်။ နေ့စဉ်နေ့တိုင်း ကိုယ်စိတ်ကို ကိုယ်သိပြီးတော့ နေသွားမယ်ဆိုရင် အလိုအလျှောက် ကောင်းတဲ့ဘက်က တိုးတတ်လာတယ်။ ဆိုးတဲ့ဘက်က လျော့သွားတယ်။… ဆရာတော် ဦးဇောတိက

Tuesday, September 13, 2011

ရှင်တော်မြတ်ဘုရား ဆုံးမပုံက_

* ဗျာဒိတ်စကား ဆိုရုံနဲ့ မယုံကြည်ပါနှင့်။

* အစဉ်အဆက် ယုံကြည်လက်ခံလာတာ ဖြစ်ယုံနှုင့် မယုံကြည်ပါနှင့်။

* သတင်းကြားနဲ့ လဲ မယုံကြည်ပါနှင့်။

* မြင့်မြတ်တဲ့ ကျမ်းစာများမှာ ပါရုံနဲ့ လဲ မယုံကြည်ပါနှင့်။

* တဆင့် စကားကြားယုံမျှနှင့်လည်း မယုံကြည်ပါနှင့် ။

* စဉ်းစားတွေးခေါ်ရေး ဒဿနိကဗေဒတွေနဲ့ ကိုက်ညီရုံမျှနှင့်လဲ မယုံကြည်ပါနှင့်။

* ပြောတဲ့လူက ယုံကြည်ထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်ယုံမျှနှင့်လဲ မယုံကြည်ပါနှင့်

* မိမိဆရာ ဖြစ်ယုံနှင့်လဲ မယုံကြည်ပါနှင့်

* သင်ကိုယ်တိုင် ကောင်းတဲ့အရာဘဲ အပြစ်ကင်းတဲ့အရာဘဲ ပညာရှိတို့  ချီးမွမ်းအပ်တဲ့

* အရာဘဲ လက်တွေ့ ကျင့်ကြည့်တဲ့ အခါမှာလဲ မုချ ချမ်းသာစေနိုင်တဲ့ အရာပဲလို့

* ကိုယ်တွေ့ သိမြင်ရတဲ့ အခါကျမှပဲ အဲဒါကို ယုံကြည်လက်ခံလိုက်နာ ကျင့်ကြံပါ။


လို့ ဟောကြားတော်မူခဲ့ပါတယ်။

Saturday, September 3, 2011

ကလျာနမိတိတ္တအင်္ဂါ ၇-ပါး


ကလျာနမိတိတ္တအင်္ဂါ ၇-ပါး။ ။
သပ္ပုရိသ ခေါ် မိတ်ဆွေကောင်းမိတ်ဆွေမြတ်တို့၏ အင်္ဂါ ၇-ပါးဟူ၏။

(၁) သီလ-ကိုယ်ကျင့်သီလနှင့်ပြည့်စုံခြင်း၊
(၂) သမာဓိ- ကိုယ်နှုတ်စိတ်ငြိမ်သက်တည်ကြည်ခြင်း၊
(၃) ပညာ- ရုပ် နာမ် ပဋိစ္စသမုပ္ပါဒ်တို့ကိုသိခြင်း၊ (၄) ဓမ္မ ဒါနသစ္စာလေးပါး ဘာဝနာတရားတို့ကို ဟောကြားနိုင်ခြင်း၊
(၅) ပေယျ ဝါစာလိုက်နာဖွယ်သောစကားတို့ကို ဆိုတတ်ခြင်း၊
(၆) အတ္ထစရိယာ- သူ့ကောင်းကျိုးကိုကျင့်သုံးနိုင်ခြင်း၊
(၇) သမာနတ္ထတာ- မိမိနှင့်တူမျှသောအကျိုးတရားကို ဖြစ်စေနိုင်ခြင်း။

ကလျာနမိတိတ္တဖြစ်ကြောင်း ဂုဏ်အင်္ဂါ ၇-ပါး။ ။
မိတ်ကောင်းဖြစ်ခြင်းအင်္ဂါ ၇-ပါး။ သတ္တဂုင်္တ္တရပါဠိတော်ကလျာနမိတ္တသုတ်။

(၁) ဂရုဂုဏ်- အထက်ပါ ကလျာဏမိတ္တ အင်္ဂါ ၇-ပါးနှင့် ပြည်စုံသူဖြစ်၍ အလေးအမြတ်ပြုအပ်သောဂုဏ်။
(၂) ဘာဝနီယဂုဏ်- ထို့အတူဖြစ်၍ ချီးမွမ်းအပ်သောဂုဏ်။
(၃) ဝတ္တာရဂုဏ်- သူတစ်ပါးတို့အား ဆိုဆုံးမချင်သောဂုဏ်။
(၄) ဝစနက္ခမဂုဏ်- မသိ၍ သူတစ်ပါးတို့မေးလျှောက်သောစကားကို ခံနိုင် ဖြည့်စွမ်းနိုင်သောဂုဏ်။
(၅) ဂမ္ဘီရ ကထံ ကထာဂုဏ်- ရုပ်နာမ်နှင့်စပ်၍ နက်နဲစွာဟောပြောတတ်သောဂုဏ်။